လမ်းလျှောက်ပေးရင် မီးဖွားရလွယ်တယ်ဆိုတာ အမှန်ပဲလား
ကိုယ်ဝန်ရှိလို့ ဗိုက်ကလေးများ ထွက်လာရင် လူကြီးတွေ ပြောတတ်တဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ မွေးရဖွားရလွယ်အောင် လမ်းလျှောက်ပေးနော် ဆိုတာပါ။
ရှေးလူကြီးတွေပြောသလိုမျိုး တကယ်ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ရင် မီးဖွားရလွယ်လားဆိုတာကို သိချင်ရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။
လမ်းလျှောက်ရင် မီးဖွားရလွယ်သလား?
လမ်းလျှောက်ရင် မီးဖွားရလွယ်သလား ဆိုတော့ လွယ်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ လမ်းလျှောက်တာက ကိုယ်ဝန်ဆောင်ကာလရဲ့ အဆုံးသတ်ကာလမှာ ကလေးကို မိခင်ရဲ့ တင်ပဆုံထဲမှာ နေရာတကျဖြစ်စေပြီး လွယ်ကူချောမွေ့စွာ မွေးဖွားစေနိုင်ဖို့ ထောက်ကူပေးလို့ ပါပဲ။
ဖြစ်နိုင်ခြေ ရှိတာကတော့ ကလေးရဲ့ ဦးခေါင်းဖိအားက သားအိမ်ခေါင်းပေါ်မှာ သက်ရောက်နေပြီး မီးဖွားဖို့ အသင့်ဖြစ်စေဖို့ ပြင်ဆင်ပေးတဲ့ Prostaglandins လို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်ရှိစေဖို့ ထောက်ကူပေးပါတယ်။
Prostaglandins ဟော်မုန်းအုပ်စုရဲ့ များစွာသောတာဝန်တွေထဲမှာ သားအိမ်ခေါင်းကို ကလေးမွေးဖွားရလွယ်စေဖို့ ပြင်ဆင်ပေးရတဲ့ တာဝန်လည်း ပါပါတယ်။ ဒီဟော်မုန်းတွေက သားအိမ်ခေါင်း (မွေးလမ်းကြောင်း) ကိုချဲ့ပေးရင်း ကိုယ်ဝန်ဆောင်ကာလမှာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ရင်း ရင်သွေးငယ်လေး ကြီးထွားစေဖို့ ထောက်ပံ့ပေးထားတဲ့ ကြွက်သားတွေကို ပျော့ပျောင်းစေပြီး ကလေးကို မွေးလမ်းကြောင်းကနေ တိုးထွက်ရလွယ်စေဖို့ ထောက်ကူပေးပါတယ်။
လမ်းလျှောက်တာက မီးဖွားဖို့ ချက်ချင်း မဖြစ်စေပေမယ့် သားအိမ်ခေါင်းကြွက်သားတွေကို ပျော့ပျောင်းအောင် လုပ်ဆောင်ပေးပြီး ကလေးကို မိခင်ရဲ့ မွေးလမ်းကြောင်းကနေ တိုးထွက်ရလွယ်အောင် လုပ်ဆောင်ပေးရင်း မီးဖွားရလွယ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးတာက မီးဖွားရ လွယ်ကူစေရုံတင် မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်မှာ အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို မွေးလာမယ့်ကလေးမှာလည်း ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးမှာပါ။
နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် လမ်းလျှောက်ပေးခြင်းတာ ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆောင်သွေးတိုးလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းဝေးစေသလို ကိုယ်ဝန်ဆောင်မေမေ စိတ်ဖိစီးမှု ကင်းစေဖို့လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
သွေးလည်ပတ်မှုကောင်းစေပြီး သန္ဓေသားဆီ သွေးရောက်ရှိမှု ကောင်းစေသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ နောက်ထပ် ကျန်းမာရေး အကျိုးကျေးဇူးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တော်တော်များများ ခံစားရတဲ့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
မီးဖွားရလွယ်ကူပြီး ရောဂါကင်းစင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နေ့တာကို ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ ပုံမှန်လေး လမ်းလျှောက်ပေးပါ။ ချော်လဲတာမျိုး မဖြစ်စေဖို့တော့ သေချာလေး ဂရုစိုက်ကြဖို့ ထပ်ဆောင်း သတိပေးပါရစေ။
မွန်မွန်